ကျောင်းတွင်း ရောဂါကူးစက်မှုတွေကနေ သားသားမီးမီးတို့ကို ဒီလိုလေး ကာကွယ်ကြမယ်
ကျောင်းဆိုတာက ကလေးတွေ တစ်နေ့တာမှာ အချိန် အကြာဆုံး နေထိုင်ကြတဲ့ နေရာလေး တစ်ခုပါ။ ဒါကြောင့် ကျောင်းကနေ ဖျားနာမှုတွေကို ကူးစက်နိုင်ခြေကလည်း များပါတယ်။ ဒီလို ကူးစက်မှုတွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို ဒီနေရာလေးကနေ မျှဝေပေးလိုက်ပါတယ်။
ကျောင်းတွင်း ရောဂါကူးစက်မှုတွေကနေ သားသားမီးမီးတို့ကို ကာကွယ်ပေးချင်တယ်ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။
- မိသားစုဝင်တွေ အားလုံး တုပ်ကွေး ကာကွယ်ဆေး ထိုးပေးပါ
တစ်နှစ် တစ်ကြိမ် ကလေးကိုရော မိသားစုဝင် အားလုံးပါ တုပ်ကွေး ကာကွယ်ဆေးကို ပုံမှန်လေး ထိုးပေးပါ။ ဒီလို ထိုးပေးတာက တုပ်ကွေးကို ကာကွယ်ပေးသလို ဖြစ်လာခဲ့ရင်လည်း အရမ်း မပြင်းထန်စေဖို့ အထောက်အကူ ပြုပေးနိုင်ပါတယ်။
- ကလေးကို လက်ဆေးတတ်တဲ့ အလေ့အကျင့်လေး သင်ပေးထားပါ
ကလေးကို တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း အပြင်က ပြန်လာတိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာသေချာလေး ဆေးကြောတတ်တဲ့ အလေ့အထလေး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက တုပ်ကွေးအပါအဝင် ကူးစက်ရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်မှာပါ။
- နှာချေချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားပေးပါ
နှာချေ ချောင်းဆိုင်းတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူး ဒါမှမဟုတ် လက်ကိုက်ပဝါ တစ်ခုခု နဲ့ အုပ်ပြီး နှာချေ ချောင်းဆိုးတတ်တဲ့ အလေ့အထလေးကို သင်ပေးထားပါ။ ဒီလို သင်ပေးထားတာက ရောဂါတွေ ကူးစက်မှုကနေ ကကွယ်ပေးနိုင်ပါတယ်။
- ကလေးရဲ့ အသုံးအဆောင်တွေကို ပိုးသတ်ပေးပါ
ကလေးရဲ့ အသုံးအဆောင်တွေမှာ ရောဂါပိုးတွေ ကပ်ငြိပြီး ကလေးကို ဖျားနာတာမျိုး မဖြစ်စေဖို့အတွက် ကလေး နေ့စဉ် အသုံးပြုနေတဲ့ အသုံးအဆောင်တွေကို အရက်ပြန်နဲ့ ရေကို သုံးလို့ ပုံမှန် ပိုးသတ်သန့်စင်ပေးပါ။
- အသုံးအဆောင်တွေ မျှဝေသုံးစွဲတာမျိုး မလုပ်ဖို့ သင်ပေးပါ
ကလေးကို ဖျားနာတာကို ကာကွယ်ဖို့အတွက် အသုံးအဆောင်တွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ဖို့ သင်ထားပေးပါ။ ရေခွက်တွေ၊ ဇွန်း၊ ပန်းကန်ကစလို့ မုန့်တွေ မျှစားတာမျိုးကိုရောပေါ့။
- ကလေးကို လှုပ်လှုပ်ရှားရှား ပေးဆော့ပါ
ကလေးကို လေ့ကျင့်ခန်း လုပ်စေတာက ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို လေ့ကျင့်ခန်း လုပ်ပေးခိုင်းဖို့ အဆင်မပြေဘူးဆိုရင်တော့ ကလေးကို စိတ်တိုင်းကျသာ ပေးဆော့လိုက်ပါ။
- လက်သည်း ကိုက်တာကို မလုပ်ဖို့ ပြောပါ
လက်သည်းကိုက်တာက ကလေးကို ဖျားနာစေနိုင်သလို အစာအိမ်အူလမ်းကြောင်း ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို လက်သည်း မကိုက်တတ်အောင် သင်ထားပေးပါ။
- အာဟာရပြည့်ဝအောင် စားပါ
ကလေးကို နေ့စဉ် စားသုံးမှုမှာ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးပါ။ ဒီလို စားပေးတာက ကလေးကို ကိုယ်ခံအား ကောင်းစေဖို့အတွက် ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။
- အိပ်ရေးဝဝအိပ်ပါ
အိပ်ရေး ဝဝအိပ်တာက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် ကလေးကို ရောဂါပိုးတွေကနေ ကာကွယ်နိုင်ဖို့အတွက် အိပ်ရေးဝဝအိပ်ပါ။
ဒီနည်းလမ်းလေးတွေက သားသားမီးမီးတို့ကို ကျောင်းတွင်းဖျားနာမှုတွေကနေ ကာကွယ်ပေးနိုင်မှာပါ။
မွန်မွန်